ခရမ်းရင့်ရောင်မိုးတိမ်များ
ခွန်ညိုသွေး (ဖရောဆန်)
Review by ……
“ရွှေကွန်ရက်နဲ့တူ”
—————-
မေမီမင်းမြိုင် အိပ်နေရာက ဆောင့်ခနဲ လန့်နိုးလာတယ်။ တကယ့်ကို လန့်နိုးပြီး ဆောင့်ခနဲ ထထိုင်တာ။ တစ်ခုခုကို သတိရသလိုမျိုး အိပ်မက်ဆိုးက နိုးလာသလိုမျိုး။ ရုတ်တရက် ထထိုင်လိုက်ရတာ ခေါင်းမူးသလိုလိုနဲ့ မကြည်မလင်။ အပျိုဘဝတုန်းကဆိုရင်တော့ ဟိုဘက်လှည့် ဒီဘက်လှည့်ပြီး ပြန်နှပ်မိနေဦးမှာ။ ခုက မဖြစ်ရေးချမဖြစ်။ မီးက ၅ နာရီဆို ပျက်မှာလား မသိဘူး။ စိတ်ရဲ့ နှိုးစက်မျိုးစုံကြောင့် ထပြီး ရေချိုးခန်းခဏဝင်၊ မျက်နှာအမြန်သစ်ပြီး ထမင်းအိုး တည်ထားလိုက်တယ်။ ဆယ်တန်းတုန်းက အလင်္ကာမြောက်ကြောင်း အော်ကျက်ခဲ့တဲ့ နိဗ္ဗာန်ဆော် စကားပြေထဲက “တာဝန်ဝါးခြမ်း” ဆိုတဲ့စကားလုံးက ခေါင်းထဲ ရောက်လာသေးတယ်။
အဲဒီအချိန်မှာပဲ အချိန်ကိုက်ထားသလို အငယ်ကောင် လသားကလေးဆီက အဲ့ခနဲ ငိုသံကြားလိုက်တယ်။ စိတ်က ညစ်ညူးသွားပြီး လင်တော်မောင်များ ထလာပြီး ချော့မလားလို့ ကြည့်လိုက်တော့ ကိုယ်တော်ချောက ဟိုဘက်ကို စွေ့ခနဲ လှည့်သွားတယ်။ ခေါင်းအုံးနဲ့တောင် နားကို ပိတ်လိုက်သေး။ အမလေး အဲဒီခေါင်းအုံးနဲ့ တစ်ခါတည်း ဖိပစ်လိုက်ချင်ရဲ့ဟေ့။ အိမ်ဦးနတ်ကြီးက အလုပ်တွေများလို့၊ ပင်ပန်းလို့၊ ရုံးကပြန်လာရင် stressတွေ ပိလို့ နဲ့ ကိုယ့်မှာ မခိုင်းရဲ။ သူကလည်း ကူဖို့ အလိုက်မသိ။ ကလေးကို ကြည့်လိုက်တော့ သေးတွေ အီးတွေ ပေါက်ချထားပြီး နေရခက်နေတာ။ အဲဒါနဲ့ တကျွတ်ကျွတ် အသံပေး ချော့ရင်း ဝတ်ထားတဲ့ ဒိုက်ပါကို ချွတ်ပေးလိုက်တယ်။ သန့်ရှင်းရေး လုပ်ပေးပြီး အငိုတိတ်အောင် ချော့ရတယ်။ နို့တိုက်တော့လည်း ကောင်းကောင်းမစို့ဘဲ နို့ကို အတင်းဆွဲတော့ နာလာတဲ့အပြင် ဆံပင်တွေကိုပါ ဆွဲတာ ဆွဲတာ ဆိုတာ။ အပျိုဘဝက ဆံပင်ကို ဂရုတစိုက် ထိန်းသိမ်းခဲ့သမျှ ခုတော့ ကလေး နှစ်ယောက် မွေးအပြီးမှာ အတော်ကျွတ်လို့ ပြောင်ပြီ။ စိတ်ဖိစီးတာရော ကလေးက ဆောင့်ဆွဲတာရောကြောင့်လေ။ ကလေးကို နည်းမျိုးစုံနဲ့ ချော့မော့ရတာ နာရီဝက် ၁နာရီလောက်အကြာမှ ပြန်အိပ်သွားတယ်။
ကလေး အိပ်သွားတော့ မေမီမင်းမြိုင် မျက်လုံးက ကြောင်နေပြီ။ ခဏနေရင် ပဲပြုတ်နံပြားသည်လာတာကို အမိအရဖမ်းဖို့ ခြံဝကို မာရသွန်သမားလို လေအဟုန်နဲ့ ပြေးရဦးမယ်။ ပဲပြုတ်သည်ကလည်း ” ပဲပြုတ် နံပြား” ဆိုပြီး အော်လိုက်လို့ ထွက်ကြည့်လိုက်ရင် မရှိတော့ဘူး။ ခုတော့ အထာနပ်ပြီလေ။ ပဲ ဆိုတဲ့ လေသံလေး အစမှာတင် ရှေ့ကို သုတ်ခနဲပြေး။ အမိအရဝယ်။ ပဲပြုတ်နံပြားနဲ့ နှပ်လက်ဖက်ရည်နဲ့ ဖက်ပြီး မွေးလာတယ်ထင်ရတဲ့ လင်ဖြစ်သူက အဲဒါမှ စားပြီး ရုံးမသွားရရင် မကြည်လင်ချင်ဘူး။ အိပ်မရတဲ့အတူတူ ဟင်းတွေ ထနွေးလိုက်တယ်။ “ငါ အိမ်ဖော်လေး ခေါ်ထားရင်ကောင်းမလား” ဆိုပြီး တွေးမိတော့လည်း ကြေး(ဂျီး)များလွန်း အသန့်ကြိုက်လွန်းတဲ့ ကိုယ်တွေလင်မယား နှစ်ယောက်လုံးက အိမ်ဖော် မထားချင်ဘူး။ အရာရာ ကိုယ့်စိတ်နဲ့ကိုယ် အပြင် မေမီမင်းမြိုင်က ကိုယ့်ယောက်ျားကိုလည်း စိတ်မချဘူး။ ယောက်ျားတွေက ဘယ်လောက် အသန့်ကြိုက်ကြိုက် ဒါမျိုးကျ မသန့်လည်း ကြိုက်တယ်ဆိုပြီး အိမ်တွင်းဇာတ်တော်ကြီး နှစ်ပါးသွားနေရင် မိမိမှာ အော်တို ရာထူးတိုးနေမယ်။
ရေအမြန်ချိုးပြီး ဘုရားခန်းထဲဝင်လာတော့ မီးက ပြတ်ပြီ။ ရေချိုးပြီးခါစ အေးနေတဲ့ အရှိန်လေးနဲ့ ဘုရားရှိခိုးလိုက်တယ်။ ဘုရားရှိခိုးလည်း တိုတိုတုတ်တုတ် ရှော့တူတယ်ပွိုင့်ပါပဲ။ ဟိုအိပ်နေတဲ့ ကလေးက အဲ့ခနဲငိုပြီး ထလာမလား။ ရုံးအတွက် ထမင်းချိုင့်နဲ့ အကြီးကောင်အတွက် ထမင်းချိုင့်က ပြင်စရာ ရှိသေးတယ်။ အချိန်များ နောက်ကျနေမလား။ အဲဒီလို နောက်ကနေ ဆွဲလွန်းတဲ့ ကြိုးတွေကြောင့် အပျိုဘဝက နီးခဲ့တဲ့ ပရိတ် ပဌာန်း အဓိဌာန်တွေနဲ့လည်း ဝေးနေတာကြာပြီ။ တရားဓမ္မနဲ့ ဝေးတော့ လူက စိတ်ဆတ်လွယ် စိတ်တိုလွယ်လာတယ်။ ဘုရားခန်းကထွက်ပြီး မီးဖိုဘက်ကိုအဝင်မှာ အိမ်ကလူက နိုးလာပြီး နောက်ကနေ သိုင်းဖက်လာတယ်။ စိတ်ရှုပ်နေတဲ့ မေမီမင်းမြိုင်က သူ့လက်တွေကို ဖြုတ်ချပစ်လိုက်တယ်။
” ဟာ အသာနေပါ။ ပူရအိုက်ရတဲ့အထဲ “
ဒင်း ခုနက ကလေးငိုတုန်း တမင်ထမကြည့်ထားတာကို မသိချင်ယောင်ဆောင်ပြီး ပြန်လာချော့တာ ငါ မသိဘူးများ မှတ်နေသလား။ ညဘက်တွေလည်း ကလေးငိုလို့ကတော့ ဒီက ကျွန်မကြီးကပဲ ထချော့။ သူက မနိုးချင်ယောင်ဆောင်ပြီး မထတာ စောမေတို့က နောကျေနေပြီ။ မနက်မှ ဒါမျိုး လာချော့မယ်။ ဒီက ဟာမကြီးက ပျော့သွားမယ်ပေါ့။ ခေတ်စားနေတဲ့စကားလို ပြောရရင် ဟဟပဲ ရမယ်။
” မိန်းမက ယောက်ျား ကြိုက်တဲ့ ပဲနံ ဝယ်ထားတယ် “
” မိန်းမ ချက်ထားတာ မောင့်အကြိုက်တွေပဲ “
ချည်တာ။ ချည်တာလေ။ ဒီကနွားမကြီးကို ချည်နေတာ။ စကားလုံးအချိုတွေနဲ့။ ဖေ့စဘုတ်ပေါ်မှာလည်း အိမ်အတွက်ဝယ်လာပေးတာတွေ တင်ပြရ မိန်းမကို post တင်ပြီး ချစ်ပြရတာ အမော။ သူ့သူငယ်ချင်းတွေကလည်း ကိုနိုင်ကိုလတ် သူ့မိန်းမကို ချစ်တတ်လိုက်တာပေါ့။ သူ့ ဖုန်းအကောင်းစား/ ကားအကောင်းစား လောက် တန်ကြေးမရှိတဲ့ ရွှေလေးတွေ ဝယ်လာပေးရင်၊ဘာ surprise ညာ surprise ဆိုပြီး စပရိုက်တွေ ကိုကာကိုလာတွေ တိုက်ပြန်ရင် ဒီက နွားမကြီးက ပျော်ပြန်ရော။ ဖေ့စဘုတ်ပေါ် တင်ရပြန်ရော။ ဖေ့စဘုတ်ပေါ်မှာ “ကျေးဇူးပါ မောင်” ကလည်း လုပ်ရသေး။ ဒါက ဒီခေတ်အထာပေါ့လေ။ ပြီးလည်း ပြီးရော အိမ်အလုပ်၊ ကလေးတွေရဲ့ကိစ္စနဲ့ နှစ်ဘက်မိဘ သာရေး နာရေးကိစ္စတွေကို ဒီကောင်မကြီးက အစစအရာရာ ဒေါင်ချာစိုင်းရတော့တာပဲ။ ဒီနေ့လည်း ယောက္ခမ ဆီးချိုတွေတက်လို့ ဆေးရုံတင်ထားရတာကို သွားကြည့်ရဦးမယ်။ လိုအပ်တာတွေ ချက်ပြုတ် ပြင်ဆင်ရမယ်။ ဒီကြားထဲ ရုံးမသွားခင် လင်တော်မောင်ရဲ့ “မိန်းမရေ ” ဆိုတဲ့ ဇာတ်ကားရိုက်တာ မြင်ရဦးမယ်။
” မိန်းမရေ မောင့် အင်္ကျီလေး ထုတ်ပေးထားဦး”
“မိန်းမရေ ကားသော့”
“မိန်းမရေ ဘာ “
“ရှင့်မှာ လက်မပါတော့ဘူးလား” ဆိုတဲ့ အကြည့် ဒိုင်းခနဲ မကြည့်မချင်း ခိုင်းတာ မရပ်တော့ဘူး။ ဒင်းကိုလည်း ကြာကြာ စိတ်မတိုအားပါဘူး။ သူလည်း အလုပ်သွား၊ ကိုယ်လည်း အငယ်ကောင်လေး အိပ်နေတုန်း ဈေးပြေး။ ဈေးကလည်း အိမ်နဲ့တစ်မိနစ်လောက်ပဲ သွားရလို့သာ။ မဟုတ်ရင် ဒီကလေး နှစ်ယောက်ကို အိမ်မှာ ခဏထား သော့ပိတ်ပြီး ထွက်ဖို့က မဖြစ်နိုင်။ ဈေးမှာလည်း သိပ် ရွေးမနေနိုင်ဘဲ လိုအပ်တာကို အမြန်ဝယ်ခြမ်းပြီး အိမ်ကိုပြန်လာတော့ အကြီးကောင်က နိုးနေပြီ။ ဗိုက်ဆာလို့ ဆိုပြီး အော်ငိုနေပြီ။
” သားကလည်းကွာ။ မေမေ မနက်စာ ပြင်ထားခဲ့တယ် စားပေါ့”
“ဟင့်အင်း ကြက်ဥကြော် မကြိုက်ဘူး။ ကြက်ဥပြုတ်တာပဲ စားမယ်။ ပြုတ်ပေး အီး ဟီး “
” ရှုး တိုးတိုးလေ။ ညီလေး နိုးသွားမယ်လေ”
” အေး အေး ပြုတ်ပေးမယ်။ မငိုနဲ့နော်။
ဟာ မငိုနဲ့လို့ ပြောနေတယ်လေ”
အသံက မာလာတော့ အကြီးကောင်က ပိုငိုတယ်။ ငိုရင်းနဲ့ ကြက်ဥကြော်ပန်းကန်ကို ချခွဲပစ်လိုက်တယ်။ ပန်းကန်ပြားက ကြမ်းပြင်ပေါ်ကို ခွမ်းခနဲမြည်ပြီး အစိပ်စိပ်အမွှာမွှာ။ မေမီမင်းမြိုင် စိတ်က ထောင်းခနဲ ဒေါသထွက်သွားတယ်။အကြောမာတာ ဒင်းအဖေရဲ့ သွေးတွေပါလာတာနေမှာ။ ငါတို့အမျိုးက ယဉ်ကျေးတယ် အမျိုးယုတ်လေးရဲ့ လို့ တွေးမိ နေတုန်း အငယ်ကောင်လေးက အသံတွေကြောင့်ထင်ပါတယ်။ နိုးလာပြီး ထပ်ငိုပြန်ပါလေရော။ ငိုသံတွေကြားမှာ မေမီမင်းမြိုင် ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဘာဆက်လုပ်ရမယ် မသိ။ ဒီခေတ်က ကလေးကို မရိုက်ရတဲ့ခေတ်။ ကိုယ်တွေ ငယ်ငယ်က အသံမထွက်နဲ့ ဆို မထွက်ရဲ။ မလှုပ်ရဲ။ မျက်ရည်တောင် ကျိတ်ပြီးကျရတာ။ အမေက ဗျင်းပြီဆို အီဆိမ့်နေတာ။ ခုတော့ Parenting တဲ့။ ခေတ်စားလာတော့ ကိုယ်လည်း ခေတ်မီလာပြီလေ။ ဖေ့စဘုတ်ပေါ်မှာလည်း “သားတွေကို စိတ်ဒဏ်ရာမရအောင် ရိုက်တာမျိုး မလုပ်ဘူး” လို့ တက်ကြွားထားရသေးတယ် မဟုတ်လား ။ သည်းခံ မေမီမင်းမြိုင်ရေ။ သည်းခံ။
” မငိုပါနဲ့တော့ သားရယ်” လို့ ပြောရင်း ဟစ်ဟစ်ပြီး ငိုချင်လာတာ မေမီမင်းမြိုင် ကိုယ်တိုင်ပါပဲ။
အကြီးကောင်ကို ချော့မော့ ရေချိုးခိုင်းပြီး ကျောင်းကားအမီ ဖယ်ရီပေါ် တင်ပေးလိုက်နိုင်မှပဲ နေ့တစ်နေ့ရဲ့ ဒုက္ခထုပ်လေးဟာ ခဏတာ ငြိမ်သက်သွားတယ်။
” အငယ်မရေ နေ့ခင်း အိမ်ကို ခဏလာနေပေး။ နင့်တူကို ထိန်းပေးပါ။ မောင့်အမေ ဆေးရုံတက်ရတာ သွားကြည့်ရမယ်။ “
ညီမဖြစ်သူနဲ့ ဖုန်းပြောအပြီးမှာ မီးက ပြန်လာတယ်။ မီးလာတုန်း အဝတ်လျှော်စက်ထဲ အဝတ်တွေ ထည့်လှည့်ရမယ် ဆိုပြီး အခန်းထဲဝင်ပြီး အဝတ်တွေယူတယ်။ လင်တော်မောင်က အဝတ်တွေကို ကူလျှော်ဖို့ဆိုတာ ဝေးစွ၊ လျှော်မယ့်ခြင်းထဲသေချာထည့်ပါ ဆိုတာတောင် ခြင်းထဲကို သေချာမရောက်ဘဲ တို့လို့တွဲလောင်း။ ဘေးနားမှာ ပုံကျ။ လိုက်ကောက်ရ။ ” မောင်ရေ နင်က ဒါမျိုးကျ လက်ကြောမတင်းဘူးနော်” လို့ ပြောလိုက်ရ မကောင်းဘဲ ရှိတော့မယ်။ သူ လက်ကြောတင်းတဲ့နေရာတွေတော့ တင်းလို့ အခုတော့ ဘဝက ကလေးနှစ်ယောက်နဲ့ ဒေါင်ချာစိုင်းနေရပြီလေ။ အဲဒီလိုနဲ့ အဝတ်လျှော်ရင်း ကလေးငိုတာ ပြေးချော့လိုက်၊ ဟင်းပြေးချက်လိုက်နဲ့ တစ်နာရီလောက် လုံးချာလည်လိုက်အပြီးမှာ ညီမဖြစ်သူ ရောက်လာတယ်။ မေမီမင်းမြိုင် နွမ်းနယ်စွာနဲ့ပဲ အိမ်တံခါးကို ဖွင့်ပေးရင်း ညီမဖြစ်သူကို ကြိုဆိုလိုက်ရတယ်။ ညီမဖြစ်သူဆီက ” ပင်ပန်းလိုက်တာ မကြီးရယ်” ဆိုတဲ့ သနားကြည့်လေး လက်ခံရရှိတယ်။
” ငါလည်း မနက်ပိုင်း သင်တန်း တက်ရလို့ဟ”
“အေးပါဟာ။ ဒီနေ့က တကယ်ကို အိမ်မှာ လူမရှိလို့ပါ”
ညီမဖြစ်သူပြန်ရင် မဝတ်ရသေးတဲ့ အင်္ကျီ/ အိတ် တစ်ခုခုနဲ့ လာဘ်ထိုးမှပဲ လို့ တွေးမိလိုက်သေးတယ်။ အမေကလည်း ” ငါ့သမီးအပျိုလေးကို နင့်ဒုက္ခတွေ ခေါ်ခေါ်မခိုင်းနဲ့ ” လို့ ကြိမ်းထားသေးတာလေ။ ညီမကို ချော့မော့ ပြောဆိုပြီး သူ့တူကို ကြည့်ဖို့ ထားခဲ့တယ်။ ယောက္ခမဖြစ်သူနဲ့ လူနာစောင့်တွေ စားသောက်ဖို့ ထမင်း ဟင်းတွေ၊ သစ်သီးတွေ မုန့်တွေပြင်ဆင်၊ taxi ငှားပြီး ဆေးရုံဘက်ကို ထွက်လာလိုက်တယ်။
ကားပေါ်ရောက်မှ မေမီမင်းမြိုင် သူ့ကိုယ်သူ သတိထားမိတယ်။ သူ မျက်နှာပြောင်ကြီးနဲ့ ထွက်လာမိတာပဲ။ အေးလေ။ ဘယ်မှာလဲ။ဖြီးလိမ်းပြင်ဆင်ချင်စိတ်။ ဒါမျိုးတွေ ခဏခဏ ကြုံရတတ်လွန်းလို့ ပိုက်ဆံအိတ်ထဲမှာ အသင့်ဆောင်ထားတဲ့ ခရင်ပတ်ခ်ဘူးကို ထုတ်၊ ဘုတ်ဘုတ်ဘုတ်ရိုက်ပြီး နှုတ်ခမ်းနီပါ ဆိုးလိုက်တယ်။ အနည်းငယ်တော့ စိတ်အပြောင်းအလဲလေး ဖြစ်သွားသလို ခံစားရတယ်။ အပျိုဘဝရဲ့ ၁နာရီကျော်ကြာမြင့်ခဲ့တဲ့ အလှပြင်ဆင်ချိန်တွေကို လွမ်းမိပြန်ပါတယ်။
အခုမှအားတုန်း ဖုန်းလေးထုတ်ပြီး အပြင်းပြေ Facebook ဖွင့်ကြည့်လိုက်တယ်။ ဘယ်မှ မသွားမလာ ဖြစ်တော့ facebook ပဲ ကြည့်ရတယ်။ ဘာတွေ trend ဖြစ်နေလဲ အပျင်းပြေ လိုက်ကြည့်ရင်း ဟို ကိုရီးယားကားထဲက ဗိုလ်ကြီးမင်းသား လက်ထပ်သွားတဲ့ သတင်း တက်လာတာ တွေ့ရတယ်။ အံမယ် ငါ့သူငယ်ချင်း အိမြတ်က သူမင်္ဂလာဆောင်တုန်းကပုံနဲ့ အဲဒီကိုရီးယားမင်းသမီးဆိုရီဂျင်း ရယ်နေတဲ့ ပုံနဲ့ တွဲတင်ပြီး ” ငါလည်း လက်ထပ်တုန်းက အဲဒီလို ရယ်ခဲ့တာပဲ ” လို့ တင်ထားတယ်။ အက်လယ် မိုက်သားဟ။ ငါလည်း အဲလိုမျိုးလေးပြန်တင်ဦးမှပဲ။ ဖုန်းထဲမှာ ရှာတာ ကြာနေမယ်။ Facebook account ထဲက မင်္ဂလာဆောင် album ကို ဝင်မွှေလိုက်တော့ တွေ့ပါပြီ။ တောက်ပလွန်းနေတဲ့ မေမီမင်းမြိုင်။ လှပလွန်းနေတဲ့ မေမီမင်းမြိုင်။ ပြီးတော့ အားပါးတရ ရယ်မောနေတဲ့ မေမီမင်းမြိုင်ကို တွေ့လိုက်ရတယ်။
ဘာရမလဲ။ ဗိုလ်ကြီးမင်းသားအတွဲပုံ နဲ့ သူတို့ အတွဲပုံကို တွဲတင်ပြီး ” ငါလည်း လက်ထပ်တုန်းက အဲဒီလို ရယ်ခဲ့တာပဲ ” ကို အသည်းပုံ အီမိုဂျီ အများကြီးနဲ့ ရေးပြီး တင်ပစ်လိုက်တယ်။ ပထမဆုံး care react လာပေးတာက လင်တော်မောင်။ ဒင်းက အလုပ်မှာ ဖေ့စဘုတ် ခိုးသုံးနေသေးတယ်။ အားနေတာလား ဆိုရင်လည်း အိမ်ပြန်လာတာနဲ့ အလုပ်ဘယ်လိုများလို့ ပင်ပန်းကြောင်း အဆက်မပြတ်ညည်းပြီး အိမ်အလုပ်တွေ ကူလုပ်ရမှာစိုးလို့ ရှောင်လင်ကွန်ဖူး လုပ်ဦးမယ်။ “အေး အေး မောင်ရေ။ငါက အိမ်မှာ ထိုင်နေတာ၊ အားယားနေတာ” လို့ ပြန်ပြောပစ်ချင်စိတ်တွေကိုလည်း လက်လျှော့ခဲ့ရတာ ကြာပါပြီ။ လောလောဆယ် မနက်က ကလေးငိုတာ ထမချော့ဘဲ ပေအိပ်နေတာ တွေးမိပြီး ” မသာကြီး” လို့ ကြိတ်အော်ပစ်လိုက်တယ်။
အဲ သိပ်မကြာဘူး။ မေမီမင်းမြိုင်နဲ့ ဖေ့စဘုတ်မှာ သူငယ်ချင်းဖြစ်တာ သိပ်မကြာသေးတဲ့ Choco Dolly Candy May ဆိုတဲ့ အကောင့်က ညီမလေးက ခုတင်ထားတဲ့ ပို့စ်အောက်မှာ လာမန့်တယ်။
” ဟယ် မမက အရမ်းပျော်ရွှင်နေတာပဲ။ အားကျလိုက်တာ မမရယ်။ သမီးလည်း သမီးချစ်သူနဲ့ မြန်မြန်လက်ထပ်ယူနိုင်ဖို့ ကြိုးစားရမယ်”
မေမီမင်းမြိုင် သူ့ကွန်မန့်ကို အသည်းပေးပြီး စာပြန်လိုက်တယ်။
” ယူသာယူ ညီမလေး။ ယောက်ျားယူရတာ ပျော်စရာကောင်းတယ် အဟိ” လို့ ရေးပြီး ဝက်ဝံရုပ်လေးက အသဲပုံပြနေတဲ့ စတေကာလေး ထည့်ပြီး မန့်လိုက်တယ်။ ကလေးမလေးက ထပ်ရေးတယ်။
” အင်း နော်။ ယောက်ျားယူရတာ ပျော်စရာကြီးနေမယ် ဟီ ” တဲ့
အဟင်း။ ကျေနပ်တယ်လေ။ ကိုယ်တစ်ယောက်တည်းတော့ မဟာဒုက္ခ တွင်းဆုံးကျ မခံနိုင်ဘူး။ ရသမျှကို ဆွဲချရမှာပဲ။
ခွန်းညိုသွေး၊ ဖရော်ဆန်
စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…
TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…
(Ko Latt Book Shop)
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068